ခရီးမှာ


စိတ်ရဲ့အတွင်းပိုင်းထဲမှာ ဖက်တွယ်ထားတဲ့အရာတွေကနေ တင်ပေးလိုက်တဲ့ ဝန်ထုပ်ဝန်ပိုးတွေအကြောင်း တွေးမိတယ်။ ကျွန်တော်တို့မယ် လမ်းခရီးတစ်လျှောက်လုံး ဒီဝန်ထုပ်တွေကို ထမ်းပိုးပြီး သွားနေကြရတာပါပဲ။ ဒီလိုသွားတဲ့အခါ ခလုတ်တွေလည်း ထိ၊ ဆူးတွေလည်း ငြိပေါ့လေ။

ဘာတွေကိုဖက်တွယ်ထားလဲဆိုတော့ စံတန်ဖိုးတွေပါပဲ။ Value လို့လည်း ပြောကြတယ်။ ပါဠိလိုတော့ အဓိပ္ပာယ်လို့ ခေါ်နိုင်ပါလိမ့်မယ်။ စံတန်ဖိုးတွေကလည်း ကိုယ်စီကိုယ်စီ အမျိုးမျိုးပါပဲ။ ဆင်တာလည်း ရှိ၊ ကွဲပြားတာလည်း ရှိ။ ဆန့်ကျင်ဘက်အသွင်ဆောင်နေတွေလည်း ရှိပါပဲ။ ဘယ်ဟာက မှန်တယ်၊ ပိုကောင်းတယ်ဆိုတာမျိုးတော့ ပြောဖို့ ခက်ပါတယ်။

ဒီစံတန်ဖိုးကို ဆုပ်ကိုင်ထားတဲ့ လူတစ်ယောက်ရဲ့ ဘဝခရီးမယ် ဘယ်လိုဝန်ထုပ်တွေကို ဘယ်လောက်ထမ်းရတယ်ဆိုတာတွေကို နည်းနည်းလေး ပုံဖော်ကြည့်ရအောင်ပါ။ စိတ်ဝင်စားဖို့ကောင်းပါတယ်။


စံတန်ဖိုးဟာ လူတစ်ယောက်ရဲ့ အုတ်မြစ်ပါ။ အတွေး၊ ယုံကြည်ချက်၊ ရည်ရွယ်ချက်တွေကို ပြဋ္ဌာန်းပါတယ်။ ပြီးတဲ့အခါ ကိုယ်ကျင့်စရိုက်ကို ပုံဖော်ပါတယ်။ ဒီဟာကို တစ်နည်းအနေနဲ့ပြောရရင် အတွင်းလက္ခဏာလို့ ပြောနိုင်မယ်ထင်ပါတယ်။ သီလလို့ဆိုရင်လည်း နီးစပ်ပါလိမ့်မယ်။ အဲဒီကနေ ကိုယ်ရည်ကိုယ်သွေးကို ဖြစ်ထွန်းစေတာပါ။ ဒီဟာကိုတော့ အပြင်ပန်းလက္ခဏာလို့ ဆိုနိုင်ပါလိမ့်မယ်။ ဒီနှစ်ခုအကြားမှာ ကပ်ရှုပ်မနေဖို့ပါ။ အဲဒီကမှ စိတ်နေသဘောထားတို့၊ လှုံ့ဆော်မှုတို့အဖြစ် အဆင့်ဆင့်တည်ဆောက်ပါတယ်။​ နောက်ဆုံးအဆင့်ကျတော့ အပြုအမူတွေ ဖြစ်လာတာပါ။​ ဒါတွေရဲ့ သက်ရောက်မှုတွေဟာ သူ့ကို တစ်ချိန်လုံး လွှမ်းမိုးနေပါလိမ့်မယ်။​ ဒါကြောင့်မို့လည်း ဝန်ထုပ်ဝန်ပိုးလို့ ဆိုချင်တာပါ။


ကြားနေကျ စံတန်ဖိုးတစ်ခု၊ လွတ်လပ်မှု။ ဒါကို ဆုပ်ကိုင်ထားတဲ့သူရဲ့ ကိုယ်ကျင့်တရားဟာ ဘယ်လိုဖြစ်မလဲ။ လက်လှမ်းမီသလောက် စုံစမ်းမေးမြန်းကြည့်တော့(ဘယ်ကိုစုံစမ်းမေးမြန်းလဲဆိုတော့ အေအိုင်ပေါ့ဗျာ) ရိုးသားဖြောင့်မတ်မှု၊ စစ်မှန်မှုဆိုတာကို တွေ့ရပါတယ်။ လွတ်လပ်ချင်သူဆီမှာ အဲဒီဟာရှိနေတယ်လို့ ဆိုတာပါ။ အပြန်အလှန်အနေနဲ့ ရိုးသားဖြောင့်မတ်မှုမရရှိဘဲ လွတ်လပ်မှုကို မရနိုင်တဲ့ သဘောပေါ့။ နောက်တစ်ခုက ပြင်ပပယောဂတွေ အကျိုးစီးပွားဆိုတာတွေကို မကြည့်ဘဲ ကိုယ်ကိုယ်တိုင်ရဲ့ စစ်မှန်တဲ့ အတွင်းစိတ်အတိုင်းပဲ နေလိုတဲ့ စရိုက်ရှိပါသတဲ့။ အပြန်အလှန်အနေနဲ့ အဲဒီလိုနေမှပဲ လွတ်လပ်မှုကို ရလိမ့်မယ်လို့ နားလည်ပါတယ်။​ ဒါက အတွင်းလက္ခဏာပါ။ စရိုက်လို့လည်း လွယ်လွယ်ပြောနိုင်ပါတယ်။

စရိုက်ကနေ ကိုယ်ရည်ကိုယ်သွေးကို ပုံသွင်းပါတယ်(ဒါပေမဲ့ ဒါတွေဟာ တစ်ခုနဲ့ တစ်ခု အပြန်အလှန်လည်း အမှီသဟဲပြုနေတာမို့ တစ်လမ်းသွားလို့လည်း မဆိုနိုင်ပါဘူး။ ဟေတု၊ အညမည၊ နိဿယ၊ ဥပနိဿယ၊ အတ္ထိ စတဲ့ သတ္တိတွေနဲ့ အထောက်အပံ့ပြုနေပုံတွေကို ပဋ္ဌာန်းနည်းနဲ့ ရှင်းပြနိုင်ရင်တော့ ပိုပြီးကောင်းမယ်ထင်ပါတယ်။) ဘယ်လိုကိုယ်ရည်ကိုယ်သွေးတွေလဲဆိုတော့ ကိုယ့်အလိုအတိုင်းဖြစ်လိုမှု (ဒါကို အတ္တပဓါနလို့များ ဆိုနိုင်လေမလားပါပဲ)နဲ့ ဖွင့်ထားတဲ့ စိတ်၊ စူးစမ်းလိုစိတ်တွေပါ။ တခြားသူတွေရဲ့ အလိုအတိုင်း လိုက်လုပ်ရတာမျိုးကို စက်ဆုတ်တတ်ကြပါတယ်။ ဒီကနေတစ်ဆင့် လှုံ့ဆော်မှုတွေ ဖြစ်စေပါတယ်။ တစ်နည်းအနေနဲ့ ဆန္ဒတွေပါ။

သူ့ဆန္ဒတွေ၊ သူ့ကို လှုံ့ဆော်နေတာတွေဟာ ပြင်ပက ဆုလာဘ်တွေထက် အတွင်းပိုင်း စိတ်ကျေနပ်ကိုတွေပါ။ အတွင်းပိုင်းစိတ်ကျေနပ်မှုကိုသာ ရမယ်ဆိုရင် ပိုက်ဆံမရလည်း လုပ်မယ်ဆိုတာမျိုး။ အလှူတွေမှာ ကမ္ပည်းတင်လေ့မရှိဘဲ ဘယ်သူမှ မသိလည်း  လှူတယ်ဆိုတဲ့သူတွေပါ။


အစကနေ ပြန်ချိတ်ရရင် တကယ်တမ်း လွတ်လပ်မှုကို ရဖို့ဆိုရင် အဲဒီလိုကျင့်ကြံနိုင်ဖို့လိုတယ်လို့ နားလည်လိုက်ရပါတယ်။ ဒီလိုလူတွေရဲ့ စိတ်သဘောထားက ဘယ်လိုလဲဆိုတော့ကျ စည်းမျဉ်းစည်းကမ်းတွေ၊ အစဉ်အလာတွေကို ဝေဖန်လေ့ရှိတဲ့သဘောထားတွေပါ။ အဲဒါတွေကနေ အပြုအမူတွေဖြစ်လာတဲ့အခါ ဘယ်လိုပြုမူလဲဆိုတော့ စိတ်ပါရာ၊ ဝါသနာပါရာဆိုတဲ့ ကိစ္စတွေပါပဲ။


လွတ်လပ်ချင်တယ်၊ လွတ်မြောက်ချင်တယ်လို့ ကျွန်တော်တို့ မကြာခဏ ပြောလေ့ရှိတာပဲ။ ပြောင်းပြန်တွက်နည်းနဲ့ ပြန်တွက်ကြည့်ရင် အရင်ဆုံး ဝါသနာပါရာကို လုပ်နေကြတာဟုတ်ရဲ့လားဆိုတာမှာတင် ထစ်နေပါပြီ။ ဒီနေရာမှာ ပြောဖို့ရှိတာက ဝါသနာပါတာကို မဖြစ်မနေလုပ်ရမယ်၊ မပါတာကို လုံးဝမလုပ်ရဘူးလို့ ဆိုလိုတာမဟုတ်ဘူးဆိုတာပါ။ ဒါပေမဲ့ ဒီလမ်းကို လျှောက်ရင် ဒီကို ရောက်မယ်၊ ဘယ်ကို ရောက်ချင်ရင် ဘယ်လမ်းက လျှောက်ရမယ်ဆိုတာကတော့ မလွဲတဲ့ သစ္စာတွေပါ။


စံတန်ဖိုးဆီကို နောက်တစ်ခေါက် ပြန်သွားကြည့်ရအောင်ပါ။ အကောင်ကြီးတဲ့ ကဏန်းက နှစ်ခါလျှောက်ဆိုသလိုပါပဲ။ ကိုယ့်ကိုယ်ကိုယ် ဒီကိစ္စ၊ ဒီအကြောင်းအရာနဲ့ပတ်သက်ရင် အကောင်ပိုကြီးတယ်လို့ထင်ရင်တော့ ဆက်ဖတ်ပေါ့ဗျာ(အကောင်ကြီးတဲ့သူတွေနဲ့ အောက်ဆုံးမှာ ဆုံကြတာပေါ့)။


ကျော်ကြားမှုဆိုတဲ့ စံတန်ဖိုးကိုလည်း ကျွန်တော်တို့ ကြားရလေ့ရှိပါတယ်။ ဒီလူရဲ့ ခရီးကရော ဘာတွေကို ထမ်းပိုးထားရပါသလဲ။ ကျော်ကြားမှုဟာ ပြင်ပပရောဂတွေအပေါ်မှာ လုံးလုံးလျားလျား မှီတည်နေတာပါ။ လူအများရဲ့ ချီးကျူးဂုဏ်ပြုတွေ ခံနေရဖို့ လိုပါတယ်။​ ဒီအတွက် သူ့ရဲ့ အစစ်အမှန်တွေကို ဖုံးကွယ်ထားရလေ့ရှိပါတယ်။ မရိုးဖြောင့်မှုတွေ၊ ညစ်ပတ်မှုတွေလည်း လုပ်ကောင်းလုပ်နိုင်ပါတယ်။ ဒီတော့လည်း ပင်ပန်းမှုတွေ ရှိပါတယ်။ ဒါဟာ သူ့စရိုက်ပါပဲ(ဟုတ်လားတော့ မသိ၊ အေအိုင်က ချိတ်ဆက်ပေးတာ)။


ဒီစရိုက်ကနေ ဘယ်လိုကိုယ်ရည်ကိုယ်သွေးကို ဖြစ်ပေါ်စေလဲဆိုတော့ ထင်ရှားပေါ်လွင်လိုတာ၊ မာနကြီးတာ၊ ထောင်လွှားတာ စတာတွေပါပဲ။ သူ့ကို လှုံ့ဆော်နေတဲ့အရာတွေ၊ သူ့ဆန္ဒတွေကရော။ ဒါကတော့ ရှင်းပါတယ်။ အသိအမှတ်ပြုခံလိုခြင်းပါပဲ။ ဒါနဲ့ပဲ တစ်ချိန်လုံး ကိုယ့်ကိုယ်ကိုယ် အရောင်းမြှင့်တင်လိုနေပါလိမ့်မယ်၊ စွမ်းဆောင်ရည်တွေ ပြသနေပါလိမ့်မယ်။ သူလုပ်သမျှတွေဟာ အများအမြင်ကို ဆွဲဆောင်တဲ့လုပ်ရပ်တွေ ဖြစ်နေပါလိမ့်မယ်။ ဒါဟာ သူ့ရဲ့သဘာဝနဲ့ အပြုအမူတွေပါပဲ။ ဒါတွေကို သူထမ်းပိုးထားရပါတယ်။ ကျော်ကြားဖို့ဆိုရင် အဲဒါတွေ ရှိနေဖို့ လိုတဲ့သဘောပါပဲ။


​လူအမျိုးမျိုး၊ စိတ်အထွေထွေဆိုသလို စံတန်ဖိုးတွေလည်း မနည်းမနောရှိပါလိမ့်မယ်။ အဲဒါတွေအပေါ်မူတည်ပြီး ပြုမူပုံတွေလည်း မတူကြတာပါ။ သေချာတာကတော့ ဘယ်သူပဲဖြစ်ဖြစ် ဝန်ထုပ်တွေကိုတော့ ထမ်းကြရသူချည်းပါပဲ။ 


ဒီဥပမာနှစ်ခုကို ပိုပြီးမြင်သာသွားအောင် ထင်ရှားတဲ့ပုဂ္ဂိုလ်နှစ်ယောက်ကို သာဓကပြပါမယ်။ သိဒ္ဓတ္ထနဲ့ ဒေဝဒတ်တို့ပါပဲ။ သိဒ္ဓတ္ထကို မောင်းနှင်နေတဲ့ စံတန်ဖိုးက လွတ်မြောက်လိုမှုပါ။ ဒေဝဒတ်ကို တွန်းပို့လိုက်တာက ကျော်ကြားလိုမှုပါ။

ဒီလောက်ပါပဲ။ ကိုယ့်တန်ဖိုးကို သိထားကြရင်၊ ကိုယ်ထမ်းပိုးထားရတာတွေကိုလည်း နားလည်ထားရင် ကောင်းမယ်ထင်ပါတယ်။





Post a Comment

ပိုသစ်သော ပိုဟောင်းသော